12/02/2026
Hotel Yadanarbon (မန္တလေး) ၏ အဆောက်အဦး ကြံ့ခိုင်မှုဆိုင်ရာ ပြုပြင်မွမ်းမံနေမှုများနှင့် ပတ်သက်၍ အသိပေးကြေညာခြင်း။
Hotel Yadanarbon (မန္တလေး) ကို ချစ်ခင်အားပေးကြသော ဧည့်သည်တော်များနှင့် မိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းက ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့ရှိ အဆောက်အဦးအချို့ ထိခိုက်မှုများ ရှိခဲ့သော်လည်း ကျွန်ုပ်တို့ Hotel Yadanarbon သည် အစကတည်းက စနစ်တကျ တွက်ချက်တည်ဆောက်ထားသော Mat Footing (ဖောင်ဒေးရှင်း အခြေခံစနစ်) နှင့် Shear Wall (ငလျင်ဒဏ်ခံ နံရံစနစ်) တို့ကြောင့် အဆောက်အဦး တည်ဆောက်ပုံ (Structure) တစ်ခုလုံး ထိခိုက်ပျက်စီးခြင်း လုံးဝ(လုံးဝ) မရှိခဲ့ကြောင်း အခိုင်အမာ အသိပေးလိုပါသည်။
သို့သော်လည်း ကျွန်ုပ်တို့ ဟိုတယ်အနေဖြင့် ဧည့်သည်တော်များ၏ လုံခြုံရေးနှင့် စိတ်အေးချမ်းသာစွာ တည်းခိုနိုင်ရေးကို အဓိက ဦးစားပေး (Safety First) ထားသည့်အတွက် ငလျင်အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သော နံရံမှ အနည်းငယ်သော အက်ကြောင်းများ (Hairline Cracks) ကိုသာမက၊ အဆောက်အဦး တစ်ခုလုံး၏ ကြံ့ခိုင်မှုကို ပိုမိုကောင်းမွန်စေရန်နှင့် ခေတ်မီဆန်းသစ်စေရန်အတွက် လက်ရှိတွင် ဧည့်သည်လက်ခံမှုကို ခေတ္တရပ်နားကာ Interior Renovation နှင့် Structural Reinforcement လုပ်ငန်းများကို အသေးစိတ် ဂရုတစိုက် ဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာအချို့၌ ကျွန်ုပ်တို့ ဟိုတယ်နှင့် ပတ်သက်၍ အချက်အလက် မှားယွင်းစွာဖြင့် နာမည်ဖျက် တိုက်ခိုက်နေမှုများသည် လုံးဝမှန်ကန်မှု မရှိကြောင်းနှင့် ဧည့်သည်တော်များအနေဖြင့် အဆိုပါ သတင်းမှားများကို ယုံကြည်ခြင်းမရှိကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Hotel Yadanarbon သည် မကြာမီအချိန်အတွင်း ယခင်ကထက် ပိုမိုခိုင်ခံ့သော၊ ပိုမိုလှပသော အသွင်အပြင်သစ်များဖြင့် ဧည့်သည်တော်များကို ပြန်လည်ကြိုဆို ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း လေးစားစွာဖြင့် အသိပေး ကြေညာအပ်ပါသည်။
လေးစားစွာဖြင့်
Hotel Yadanarbon Management