29/08/2021
ရေအောက်မှာ ပျောက်ဆုံးနေတဲ့တိုက်- ဇီလန်ဒီယာ
ပို့စ်ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ "တိုက်" ဆိုတဲ့ စကားလုံးက continent ကို ဆိုလိုတာပါ။ ကျွန်တော်တို့ အများစု သိရှိနားလည်ထားကြတာက ကမ္ဘာပေါ်မှာ တိုက်ကြီး ၇ တိုက် ရှိတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အာရှ၊ အာဖရိက၊ ဥရောပ၊ တောင်အမေရိက၊ မြောက်အမေရိက၊ သြစတြေးလျ နဲ့ အန္တာတိက။ ပထဝီနိုင်ငံရေးမှာ တစတစ အသုံးတွင်လာပြီဖြစ်တဲ့ ယူရေးရှ Eurasia ဆိုတဲ့ ဝေါဟာရက ဥရောပ Europe နဲ့ အာရှ Asia ကို ပေါင်းပြီးသုံးထားတာပါ။ အဲဒီ တိုက်ကြီးတွေဟာ လွန်ခဲ့တဲ့နှစ် သန်း ၃၀၀ လောက်က "ပန်ဂျီအာ" Pangaea လို့ခေါ် တဲ့ မဟာတိုက်ကြီး Supercontinent အဖြစ် တစ်စုတစ်ပေါင်းတည်း တည်ရှိခဲ့ပါတယ်။ အဲဒီ မဟာတိုက်ကြီး ပန်ဂျီအာကို ဝိုင်းရံထားတဲ့ တစ်စင်းတည်းသော မဟာသမုဒ္ဒရာကြီး Superoceanကိုတော့ ပန့်သလာဆာ Panthalassa လို့ ခေါ်ပါတယ်။
အခု ဒီပို့စ်မှာ အဓိကဖော်ပြမယ့် ဇီလန်ဒီယာ Zealandia ဆိုတဲ့ တိုက်က လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၈၀ လောက်မှာ ပန်ဂျီအာရဲ့ တောင်ဖက်ပိုင်းဖြစ်တဲ့ ဂွန်ဝါးနားလန်း Gondwanaland ကနေ ခွဲထွက်လာခဲ့တာပါ။ ဂွန်ဝါးနားလန်းအုပ်စုမှာ ပါဝင်တဲ့ တိုက်တွေကတော့ သြစတြေးလျ၊ တောင်အမေရိက၊ အာဖရိက၊ အန္တာတိက၊ အာရေဗျ၊ အိန္ဒိယတိုက်ငယ် နဲ့ ဇီလန်ဒီယာတို့ဖြစ်ပါတယ်။
ဇီလန်ဒီယာတိုက်ဟာ သြစတြေးလျတိုက် အရွယ်အစားနီးပါးလောက်ရှိပြီး ရေအောက်မှာ အားလုံးနီးပါးလောက် နစ်မြုပ်နေတဲ့ တိုက် (Submerged continent) တစ်ခုပါ။ (၈) ခုမြောက်တိုက်လို့ ဆိုကြပါစို့။
ဇီလန်ဒီယာဆိုတဲ့အမည်ကို ၁၉၉၅ ခုနှစ်မှာ ဘူမိရူပဒေပညာရှင် လူရင်ဒစ် Bruce Luyendyk က စပြီး အသုံးပြုခဲ့ပါတယ်။ ဇီလန်ဒီယာတိုက်ဟာ ဧရိယာအကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၂ သန်းလောက်ရှိပြီး၊ စုစုပေါင်း ဧရိယာရဲ့ ၉၄ % ဟာ တောင်ပစိဖိတ်သမုဒ္ဒရာအောက်မှာ နစ်မြုပ်နေပါတယ်။ အခုလိုဖြစ်ရတာဟာ ဇီလန်ဒီယာတိုက်ရဲ့ အပေါ်ယံလွှာ crust ဟာ (ပုံမှန်ထက်) ပါးလွှာနေခြင်း crustal thinning ကြောင့်လို့ ယူဆကြပါတယ်။ ပျှမ်းမျှခြင်းအားဖြင့် သမုဒ္ဒရာပိုင်းရဲ့ အပေါ်ယံလွှာ oceanic crust ဟာ ၇ ကီလိုမီတာလောက်ပဲထူပြီး၊ တိုက်ကြီးများအပိုင်းရဲ့ အပေါ်ယံလွှာ continental crust ဟာ ၃၅ ကီလိုမီတာ လောက်ရှိပါတယ်။ ဇီလန်ဒီယာတိုက်ရဲ့ အပေါ်ယံလွှာဟာ တိုက်ကြီးများရဲဖွဲ့စည်းပုံရှိတဲ့ ကမ္ဘာ့အပေါ်ယံလွှာ (Continental crust) အမျိုးအစားဖြစ်ပြီး၊ သမုဒ္ဒရာပိုင်းဆိုင်ရာ ကမ္ဘာ့အပေါ်ယံလွှာ (oceanic crust) ထက် ထူပြီး၊ အခြားတိုက်ကြီးများရဲ့ ကမ္ဘာ့အပေါ်ယံလွှာလောက် ထူပါတယ်။ နောက် စိတ်ဝင်စားဖွယ်တစ်ချက်က ဇီလန်ဒီယာရဲ့ ကမ်းဦးရေတိမ်ပိုင်း continental shelf (ပင်လယ်ရေမျက်နှာပြင်အောက်မြုပ်နေတဲ့ တိုက်ရဲ့ အစိတ်အပိုင်း/ကုန်းစိုင်) ဟာ အခြားတိုက်ကြီးများရဲ့ continental shelf တွေထက် အများကြီး ပိုမို ကျယ်ပြန့်နေတာပါ။
ကမ်းဦးရေတိမ်ပိုင်းဟာ ကမ်းခြေနဲ့ဆက်နေတဲ့ ပင်လယ်ရေပြင်အောက်မှာ ရှိနေပေမယ်လို့ သူ့ရဲ့ ဖွဲစည်းပုံက ဆီလီကွန် နဲ့ အလူမီနီယမ်တို့နဲ့ (sial ဟုသုံး; si က Silicon, al က Aluminium) အဓိကဖွဲစည်းထားတဲ့ အလူမီနီယမ် ဆီလီကိတ်ပါ။ Oceanic crust ကတော့ ဆီလီကွန်တို့ မဂ္ဂနီဆီယမ်တို့နဲ အဓိက ဖွဲ့စည်းထားပါတယ် (ဒါကြောင့်မို့ sima လို့ သုံးပါတယ်။ si က Silicon; ma က Magnesium)
ရေခဲခေတ် glacial period တွေတုန်းကတော့ ပင်လယ်ရေမျက်နှာပြင်ဟာ နိမ့်ကျနေပြီး၊ ဇီလန်ဒီယာရဲ့ ဧရိယာအတော်များများဟာ ရေပေါ်မှာ ပေါ်နေခဲ့ပါတယ်။
နယူးဇီလန်နဲ့ နယူးကယ်လီဒိုနီးယားတို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေါ်ထွက်နေတဲ့ ဇီလန်ဒီယာတိုက်ရဲ့ အစိတ်အပိုင်းတွေပဲဖြစ်ပါတယ် (နယူးဇီလန်ရဲ့အောက်မှာ မြုပ်နေတယ်လို့ မြင်ကြည့်ပါလေ)။ ပထဝီဆိုင်ရာ အချက်အလက်များအပြင် ဘူမိဗေဒဆိုင်ရာ အချက်အလက်တွေဖြစ်တဲ့ ကမ္ဘာ့အပေါ်ယံလွှာ crust ရဲ့ အထူ၊ သိပ်သည်းဆ၊ အယ်လ်ပိုင်း ပြတ်ရွေ့ Alpine fault အပါအဝင် အခြား ဘူမိ အနေအထားတွေ၊ မီးတောင်လှုပ်ရှားမှု အပါအဝင် အခြား မီးသင့်ကျောက်ဖြစ်စဥ်တွေကို အခြေခံပြီး နယူးဇီလန်၊ နယူးကယ်လီဒိုနီးယားနဲ့ သြစတြေးလျ ဘူမိဗေဒပညာရှင်တွေက ကောက်ချက်ချကြတာက ဇီလန်ဒီယာဟာ တိုက်ငယ် microcontinent နဲ့ တိုက်ရဲ့ အစိတ်အပိုင်း continental fragment ထက်ပိုပြီး တိုက် continent အတွက် သတ်မှတ်ချက်များနဲ့ ပိုပြည့်စုံတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ ၂၀၁၇ ခုနှစ်မှာ တိုက်အဖြစ် လက်ခံသတ်မှတ်ခဲ့ကြတာပါ။
အဋ္ဌမမြောက်တိုက်လို့ပြောရယ့် ဇီလန်ဒီယာက ဂရက်နစ်ကျောက်တွေကို သက်တမ်းတွက်ကြည့်တဲ့အခါမှာ တစ်ချို့ အပိုင်းတွေဟာ အခြားတိုက်ကြီးများနည်းတူ နှစ် သန်း ၁၀၀၀ ကျော်လောက်ရှိပါတယ်။
ပလိတ်တက်တိုးနစ်သဘောအရ မြောက်ဖက်ပိုင်းက Australian Plate ပေါ်မှာ တည်ရှိပြီး၊ တောင်ဖက်ပိုင်းက Pacific Plate ပေါ်မှာ ရှိပါတယ်။ မြောက်ဖက်ပိုင်းနဲ့ တောင်ဖက်ပိုင်းကို (တစ်နည်း Australian plate နဲ့ Pacific plate ကို) အယ်လ်ပိုင်း လက်ယာ အလျားလိုက် ပြတ်ရွေ့ Alpine dextral strike slip fault က ပိုင်းခြားထားပါတယ်။ (မျက်လုံးထဲမြင်အောင်ပြောရရင် ကျွန်တော်တို့ဆီမှာ စစ်ကိုင်း ပြတ်ရွေ့က မြန်မာနိုင်ငံကို အရှေ့ပိုင်းနဲ့ အနောက်ပိုင်းခွဲခြားထားသလိုပ) မြင့်တက်ခြင်းတွေ နိမ့်ကျခြင်းတွေနဲ့ဆက်စပ်တဲ့ ကုန်းပြင်မြင့်တွေ မြေကျွံချိုင့်ဝှမ်းတွေနဲ့အတူ ရေပူစမ်း hot spring တွေ ရေပူပန်း guyser တွေကလည်း ပေါများလှပါတယ်။ သဘာဝဓာတ်ငွေ့အပါအဝင် သတ္တုတွင်းဆိုင်ရာလုပ်ငန်းတွေကိုတော့ နယူးဇီလန်အစိုးရကကြပ်ကြပ်မတ်မတ် ချုပ်ကိုင်ထားပါတယ်။
crd sya Doctor Min Aung