05/10/2026
"ဒီနေ့တော့ အနားယူလိုက်ပါ။ "
*******************************
ကျွန်တော်ကတော့ ဇနီးသည် ကွယ်လွန်ပြီးတဲ့နောက်၊ အထီးကျန်စွာ ဖြတ်သန်းနေရတဲ့ အသက် ၇၅ နှစ်အရွယ် မုဆိုးဖို အဖိုးအိုတစ်ယောက်ပါ။
တစ်နေ့ အရုဏ်တက်ချိန်.... ဝေလီဝေလင်းမှာ ကျွန်တော့်ရဲ့ ခြံဝင်းထဲကို ခွင့်ပြုချက်မရှိဘဲ ခိုးဝင်နေတဲ့ အိမ်နီးနားချင်း လူငယ်တစ်ယောက်ကို တွေ့လိုက်ရပါတယ်။
အဲဒီလူငယ်ဟာ ဒီရပ်ကွက်ထဲမှာ 'ပြဿနာရှာသူ' လို့ နာမည်ကြီးနေတဲ့သူပါ။ ဆူညံလှတဲ့ ဆိုင်ကယ်ကြီးတစ်စီးနဲ့အတူ သူ့ရဲ့ တစ်ကိုယ်လုံးမှာလည်း လည်ပင်းကနေ လက်ဆစ်တွေအထိ တက်တူးတွေကို၊ဗြောင်းဆန်နေအောင် ထိုးထားပါတယ်။
ဝက်သစ်ချသားနဲ့လုပ်ထားတဲ့ လက်ကိုင်တုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ရှေ့တံခါးကို ဝုန်းခနဲ ဖွင့်လိုက်ပါတယ်။
အဲဒီ လူမိုက်လေးကို ကြိမ်းမောင်းဖို့ အသင့် ပြင်လိုက်ပါတော့တယ်။
ကျွန်တော် ဒီကောင်လေးကို ကြည့်မရတာ တော်တော်ကြာပါပြီ။ သူ့အသက်က ၂၀ ကျော်ဝန်းကျင် ရှိပါလိမ့်မယ်။
နေ့တိုင်း မွန်းလွဲပိုင်းအချိန်ဆို အိမ်ပြတင်းပေါက်တွေပါ တုန်ခါသွားရလောက်အောင် ဆူညံတဲ့ဆိုင်ကယ်ကို စီးတတ်သူပါ။
ကျွန်တော်က အိမ်ရှေ့တံခါးဖွင့်ပြီး၊ ဒေါသတကြီး အော်ဟစ်ဆဲဆိုဖို့ အဆင်သင့်ဖြစ်နေချိန်မှာပဲ၊ ပြောမယ့်စကားလုံးတွေက လည်ချောင်းထဲမှာတင် ပျောက်ကွယ်သွားခဲ့ပါတယ်။
သူက ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေကို ဝင်ရောက် ဖျက်ဆီးနေတာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ လေအေးပေးစက်ထဲမှာ တပ်ထားတဲ့ ကြေးနီပိုက်တွေကို ခိုးနေတာလည်း မဟုတ်ပါဘူး။
ကျွန်တော် တစ်နှစ်ပတ်လုံး ရှောင်ဖယ်ခဲ့ပြီး အမြဲတမ်း ကြည့်မရတဲ့ အဲ့ဒီ အိမ်နီးနားချင်းဟာ၊ ကျွန်တော့်အိမ်ရှေ့ ကားလမ်းဘေးက မြက်ပင်တွေကို မြက်ရိတ်စက် လေးနဲ့ တိတ်တဆိတ် ရိတ်ပေးနေတာပါ။ သူ့နာမည်က "ဂျက်" _Jax ပါ။
သူဟာ ဆူညံသံကို ကာကွယ်ပေးတဲ့ နားကြပ်ကို တပ်ထားပြီး ဟောင်းနွမ်းနေတဲ့ တီရှပ်တစ်ထည်ကို ဝတ်ထားပါတယ်။ အိုဟိုင်းယိုးပြည်နယ်ရဲ့ စိုထိုင်းဆများတဲ့ မနက်ခင်းမှာ သူဟာ ချွေးတွေ ရွှဲနစ်နေပါတယ်။
ကျွန်တော် ညဝတ်အင်္ကျီနဲ့ပဲ အိမ်အဝမှာရပ်ရင်း ကျောက်ရုပ် တရုပ်လိုဖြစ်သွားခဲ့ပါတယ်။
ကျွန်တော့်ဇနီး 'အယ်လီနာ' _Eleanor ဟာ၊ လွန်ခဲ့တဲ့ ရှစ်လလောက်က ဆုံးပါးသွားခဲ့ပါတယ်။ သူဆုံးသွားပြီးကတည်းက ကျွန်တော်ဟာ ဘာကိုမှ ဂရုမစိုက်တော့ဘဲ၊ အရာ အားလုံးကို လက်လျှော့ထားခဲ့တာပါ။
အိမ်ကြီးက တစပြင်လို ခြောက်ကပ်လို့နေပါတယ်။ ကော်ဖီတစ်ခွက်ဖျော်ဖို့ လိုအပ်တဲ့ ခွန်အားတောင်၊ တောင်တစ်လုံးကို တက်နေရသလိုမျိုးပါပဲ။ ခြံအလုပ်တွေ လုပ်ဖို့ဆိုတာကတော့ လုံးဝကို စဉ်းစားလို့တောင် မရတဲ့အရာပါပဲ။
ခြံကို လပေါင်းများစွာ ဂရုမစိုက်ဘဲ ပစ်ထားခဲ့တဲ့အတွက် ကျွန်တော့်ခြံထဲက မြက်တွေဟာ ဒူးဆစ်လောက်အထိ ရှည်နေခဲ့ပါပြီ။
ရပ်ကွက်ရဲ့ အိမ်ပိုင်ရှင်များအသင်းအဖွဲ့ကနေ ကျွန်တော့်အိမ်အဝမှာ အနီရောင် သတိပေးစာအိတ်လေး ထားခဲ့တာ နှစ်အိတ် ရှိနေပါပြီ။
ကျွန်တော် အဲဒီစာတွေကို လွှင့်ပစ်လိုက်ပါတယ်။ ကျွန်တော့်ရဲ့ကမ္ဘာဖြစ်တဲ့ဇနီးတစ်ယောက်လုံး ဆုံးရှုံးပြီးတဲ့နောက်၊ အိမ်ခြံမြေဈေးနှုန်းတွေနဲ့ ပတ်ဝန်းကျင် အလှအပတွေကို၊ ကျွန်တော် ဂရုမစိုက်နိုင်တော့ပါဘူး။
ပြီးခဲ့တဲ့ အပတ်ကတည်းကတော့၊ ကျွန်တော် အိပ်ရာက နိုးလာတဲ့အခါ ခြံထဲက မြက်တွေဟာ စနစ်တကျ ရိတ်ထားပြီးသား ဖြစ်နေတာကို သတိထားမိခဲ့တာပါ။
အဲ့ဒီနေ့က ကျွန်တော့် အိမ်ရှေ့တံခါးရဲ့ သံဇကာကြားထဲမှာ စာရွက်သေးသေးလေးတစ်ခု ညှပ်ထားတာကိုလည်း တွေ့ရပါတယ်။
အဲဒီပေါ်မှာ မညီမညာစာလုံးတွေကို စာလုံးအကြီးတွေနဲ့ ရေးထားပါတယ်။
"ဝမ်းနည်းပူဆွေးရတာဟာ ပင်ပန်းလွန်းလှပါတယ်။ ဒီနေ့တော့ အနားယူလိုက်ပါ" တဲ့။
ကျွန်တော်ကို ကူညီတဲ့သူဟာ ကျွန်တော့်ဘုရားကျောင်းက သင်းထောက်ဆရာတော် "ဒေကွန် မီလာ" လုပ်ပေးတာဖြစ်နိုင်သလို၊ အနှစ်ငါးဆယ်ကြာ လက်တွဲခဲ့တဲ့ အိမ်ထောင်ရေးရဲ့ တန်ဖိုးကို နားလည်တဲ့ ရပ်ကွက်လူကြီးပိုင်းထဲက တစ်ယောက်ယောက်ပဲ ဖြစ်မှာပါလို့ ကျွန်တော် တွေးခဲ့တာပေါ့။
အမြဲတမ်းဆူညံနေပြီး တက်တူးတွေ အပြည့်နဲ့ ကျွန်တော်ကြည့်မရတဲ့ ဘေးအိမ်က စက်ပြင်ကောင်လေး၊ ဖြစ်နေလိမ့်မယ်လို့တော့ ကျွန်တော် ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။
'ဂျက်' လှည့်ကြည့်လိုက်တဲ့အခါ ဝရန်တာမှာ ရပ်နေတဲ့ ကျွန်တော့်ကို မြင်သွားပါတယ်။ သူဟာ မြက်ရိတ်စက်ကို ချက်ချင်း ပိတ်လိုက်ပါတယ်။
သူက နားကြပ်ကို ချွတ်လိုက်ပြီး ဆီတွေပေနေတဲ့ သူ့လက်ဖမိုးနဲ့ နဖူးကချွေးတွေကို သုတ်လိုက်ပါတယ်။ တစ်ခုခုလုပ်ရင်း အမိဖမ်းခံလိုက်ရတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။
“မင်္ဂလာနံနက်ခင်းပါ မစ္စတာ အာသာ” လို့ သူက လှမ်းနှုတ်ဆက်ပါတယ်။ သူ့ရဲ့ အသံက မယုံနိုင်လောက်အောင်ကို ယဉ်ကျေးသိမ်မွေ့လွန်းနေပါတယ်။
“အဘိုး နိုးသွားရင် တောင်းပန်ပါတယ်ဗျာ။ နေမပူခင် အပြီးလုပ်ထားပေးချင်လို့ပါ”
ကျွန်တော်ဟာ လှေကားထစ်တွေကနေ တုန်တုန်ချည့်ချည့်နဲ့ ဆင်းလာခဲ့ပြီး သိချင်တဲ့ မေးခွန်းတစ်ခု မေးလိုက်ပါတယ်။
“ပြီးခဲ့တဲ့အပတ်က မြက်ရိတ်ပေးခဲ့တာ မင်းလား?”
'ဂျက်'က သူ့ရဲ့ဖိနပ်တွေကို ငုံ့ကြည့်ရင်း...
“ဟုတ်ပါတယ် အဘိုး” လို့ဖြေပါတယ်။
“ဘာဖြစ်လို့ မင်းဒီလို လုပ်တာလဲ....?” ကျွန်တော့်အသံတွေ တုန်ယင်နေခဲ့ပါတယ်။
“ငါ မင်းကို စကားတစ်ခွန်းတောင် ကောင်းကောင်း မပြောဖူးဘူး။ မင်း ဆူညံလို့ဆိုပြီး ငါ မင်းကို အမြဲ မကျေမနပ်ဖြစ်နေတာ...မင်းရိပ်မိမှာပါ။ ဘာလို့ ငါ့အတွက် ဒါတွေ လာလုပ်ပေးရတာလဲ?”
သူက မြက်ရိပ်စက်ကို ခြံစည်းရိုးမှာ မှီထားလိုက်ပြီး အနားကို လျှောက်လာပါတယ်။
"ဘာလို့လဲဆိုတော့ အခုချိန်မှာ အဘိုး အိမ်ထဲမှာနေပြီး၊ ဘယ်လိုခံစားနေရမလဲဆိုတာ ကျွန်တော် နားလည်လို့ပါ" လို့ သူက တိုးတိုးလေး ပြောပါတယ်။
"လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော့်အဖေ ကင်ဆာနဲ့ ဆုံးသွားခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့်အသက်က ၁၉ နှစ်ပဲ ရှိသေးတယ်။ တစ်လလောက်အထိ ကျွန်တော် အိပ်ရာထဲကတောင် မထနိုင်ခဲ့ဘူး။"
ကျွန်တော်ဟာ တောင်ဝှေးကို ခပ်တင်းတင် အားပြုပြီး မှီထားလိုက်မိပါတယ်။
ဒီလူငယ်လေးအပေါ် ထားခဲ့တဲ့ မကောင်းတဲ့ အတွေးတွေအတွက် နောင်တတရားတွေက ရင်ထဲကို တရဟော တိုးဝင်လာပါတယ်။
'ဂျက်' က ဆက်ပြောပါတယ်။
"အဖေဆုံးတော့ ကျွန်တော့်ဆိုင်ကယ်က ပျက်နေတယ်။ အလုပ်သွားဖို့အတွက် အဲဒီဆိုင်ကယ်လေးပဲ ရှိတာ။ ပိုက်ဆံကလည်း တစ်ပြားမှ မရှိဘူး။ အဲဒီအချိန်မှာ ကျွန်တော်နဲ့ သိပ်မရင်းနှီးတဲ့ စက်ပြင်ဆရာတစ်ယောက်က ရောက်လာပြီး ဆိုင်ကယ်ကို လာယူသွားတယ်။ ပြီးတော့ အခမဲ့ ပြင်ပေးခဲ့တယ်ဗျာ။"
"သူက ကျွန်တော့်ကို ပြောတယ်....ကျွန်တော့်ရဲ့ ဆိုင်ကယ်ကိုတော့ ပြင်ပေးနိုင်တယ် ....ကြေကွဲနေတဲ့ နှလုံးသားကိုတော့ ပြန်ကောင်းအောင် မပြင်ပေးနိုင်ဘူးတဲ့ "
သူက အခုလေးတင် သေသေသပ်သပ် ရိတ်ထားတဲ့ မြက်ခင်းပြင်ကို ကြည့်ပြီး ....
"အဘိုးရဲ့ တံခါးမှာကပ်ထားတဲ့ သတိပေးစာတွေကို ကျွန်တော် တွေ့တယ်။ ကျွန်တော် အဘိုးရဲ့ ဇနီးသည်ကို ပြန်ရှင်လာအောင် မလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ အဘိုးရဲ့ ခြံဝင်းကိုတော့ အကောင်းအတိုင်း ပြန်ဖြစ်အောင် ကျွန်တော် ပြုပြင်ပေးနိုင်ပါတယ်။ ကျွန်တော် သူများဆီကရတဲ့ စေတနာကို အဘိုးဆီ ပြန်ပြီး လက်ဆင့်ကမ်းပေးတာပါပဲ" လို့ ပြောလိုက်ပါတယ်။
ကျွန်တော်ဟာ ကျဆင်းလာတော့မယ့် မျက်ရည်တွေကို ကြိုးစားထိန်းချုပ်ရင်း...
"မင်း ကော်ဖီသောက်တတ်လား ဂျက်စ်" လို့မေးလိုက်ပါတယ်။
သူက ပြုံးလိုက်ပြီး ...
"ကော်ဖီဆိုရင် ခါးခါးမှ သောက်တတ်တယ် အဘိုး" လို့ ပြန်ပြောပါတယ်။
အဲဒီနေ့မနက်မှာပဲ အသက် ၇၅ နှစ်အရွယ် အငြိမ်းစား စာရင်းကိုင်ကြီးနဲ့ အသက် ၂၀ ကျော် အရွယ် ဆိုင်ကယ်ပြင်သမားလေးတို့ဟာ အိမ်ရှေ့ဝရန်တာမှာ နှစ်နာရီလောက်ကြာအောင် အတူတူ ထိုင်ခဲ့ကြပါတယ်။
ကျွန်တော်တို့တွေ ကော်ဖီခါးခါးတွေကို သောက်ရင်း ကျွန်တော်တို့ သတိရ၊တမ်းတနေရတဲ့ လူတွေအကြောင်း ပြောဖြစ်ခဲ့ကြပါတယ်။ 'ဂျက်' က သူ့အဖေ အကြောင်းနဲ့ ကျွန်တော်ကတော့ ဇနီးသည်အေကြောင်းပေါ့။
ကျွန်တော် ဘယ်လောက်တောင် မှားခဲ့သလဲဆိုတာ သိလိုက်ရပါပြီ။ကျွန်တော်ဟာ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်ခဲ့မိတာပါ။
သူ့ရဲ့ တက်တူးတွေနဲ့ ဆူညံတဲ့ ဆိုင်ကယ်အင်ဂျင်သံတွေကြောင့် ဒီကောင်လေးဟာ ကြမ်းတမ်းပြီး ဘာကိုမှ ဂရုမစိုက်တဲ့သူလို့ ကျွန်တော် ထင်ခဲ့မိတာပါ။
တကယ်တော့ သူဟာ ကျွန်တော့်ပတ်ဝန်းကျင်မှာ၊ ကျွန်တော့်ရဲ့ နာကျင်မှုကို တကယ်မြင်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူ ဖြစ်နေပါတယ်။
တခြားသူတွေကတော့ ရှုပ်ပွနေတဲ့ မြက်ခင်းပြင်ကိုပဲ မြင်ကြပေမဲ့၊ 'ဂျက်' ကတော့ အနားယူဖို့ လိုအပ်နေတဲ့ စိတ်နှလုံးကြေကွဲနေတဲ့ လူတစ်ယောက်ကို မြင်ပေးခဲ့တာပါ။
အဲဒီနေ့က စကားဝိုင်းဟာ ကျွန်တော့်ရဲ့ အတွင်းစိတ်ထဲက တစ်ခုခုကို ပြောင်းလဲပေးလိုက်ပါတယ်။ 'အယ်လီနာ' ရဲ့ ဈာပနကတည်းက အေးခဲနေခဲ့တဲ့ ကျွန်တော့်နှလုံးသားဟာ ပြန်လည် နွေးထွေးလာခဲ့ပါတယ်။
ဘာမှ အများကြီးမရှိတဲ့ ဒီလိုလူငယ်လေးကတောင် ဒီလောက်အထိ ပေးဆပ်နိုင်ရင်၊ ကျွန်တော့်ကရော၊ ဘာဆင်ခြေပေးစရာ လိုတော့မှာလဲ။
ကျွန်တော့်မှာ အတန်အသင့်ကောင်းတဲ့ ပင်စင်လစာ ရှိတယ်။ အချိန်တွေလည်း ရှိပါတယ်။
"ကရုဏာ" ဆိုတာဟာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ပုံစံမျိုးနဲ့ အမြဲလာတာမဟုတ်ဘူး ဆိုတဲ့ အသိသစ်တစ်ခုကိုလည်း ရရှိခဲ့ပါတယ်။
နောက်အပတ်မှာတော့ ကျွန်တော်၊ ကုန်စုံဆိုင်ကို သွားခဲ့ပါတယ်။ ငွေရှင်းကောင်တာ အနားမှာရပ်ပြီး စောင့်ကြည့်နေမိတယ်။
အဲဒီမှာ ဆံပင်အရောင်တောက်တောက် ဆိုးထားပြီး လက်မောင်းမှာ တက်တူးတွေနဲ့ မိခင်ငယ်တစ်ယောက်ကို တွေ့လိုက်ရတယ်။ အရင်ကဆိုရင်တော့ ကျွန်တော် အထင်သေး မိမယ့်သူမျိုးပေါ့။
သူမရဲ့ 'ကတ်' က ငွေမလုံလောက်လို့ ကလေးနို့မှုန့်ဘူးနဲ့ ပေါင်မုန့်တစ်ခုကို စင်ပေါ်ပြန်တင်ဖို့ လုပ်နေခဲ့ပါတယ်။
ကျွန်တော် ရှေ့ကို တိုးသွားပြီး ကျွန်တော့်ရဲ့ကတ်နဲ့သူမရဲ့ ဈေးဝယ်လှည်းထဲက ပစ္စည်းအားလုံးအတွက် ငွေရှင်းပေးလိုက်ပါတယ်။
အဲဒီမိန်းကလေးက ငိုယိုပြီး ကျွန်တော့်ကို ဘယ်လိုပြန်ကျေးဇူးဆပ်ရမလဲလို့ မေးတဲ့အခါ၊ ကျွန်တော်က ပြုံးရုံပဲ ပြုံးလိုက်ပါတယ်။
"ဝမ်းနည်းရတာနဲ့ စိုးရိမ်ပူပန်ရတာတွေဟာ လူကို ပင်ပန်းနွမ်းနယ်စေပါတယ်" လို့ ကျွန်တော် သူမကို ပြောလိုက်တယ်။
"ဒီနေ့တော့ အနားယူလိုက်ပါ။ အခွင့်သာတဲ့တစ်နေ့ကျရင် တခြားတစ်ယောက်ကိုပဲ ပြန်ပြီး လက်ဆင့်ကမ်းကူညီပေးလိုက်ပါ"။
ဒါဟာ ကျွန်တော့်ရဲ့ အပတ်စဉ် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
အင်္ဂါနေ့တိုင်းမှာ ကျွန်တော်ဟာ ဆိုင်ကိုသွားပြီး၊ လောကကြီးရဲ့ အခက်အခဲအားလုံးကို ပုခုံးပေါ်ထမ်းထားရသလို ပင်ပန်းနေပုံရတဲ့ မိသားစုငယ်လေးတွေရဲ့ ကုန်စုံပစ္စည်းဖိုးတွေကို တိတ်တဆိတ် စိုက်ထုတ်ပေးခဲ့ပါတယ်။
အဲဒီအလုပ်ကပဲ ကျွန်တော့်ကို မနက်ခင်း အိပ်ရာကထဖို့ အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ဘဝမှာ တိတ်ဆိတ်ပြီး လျှို့ဝှက်တဲ့ ရည်မှန်းချက်တစ်ခု ရှိလာစေခဲ့ပါတယ်။
'ဂျက်' နဲ့ ကျွန်တော်... သောကြာနေ့တိုင်း ညစာ အတူတူစားဖြစ်ကြပါတယ်။
သူက စက်ဆီနံ့တွေနဲ့ ရောက်လာတတ်ပြီး၊ ကျွန်တော်ကတော့ ပီဇာတွေ မှာထားလေ့ရှိပါတယ်။ ကျွန်တော်တို့ဟာ မထင်မှတ်ထားတဲ့ မိသားစုလေးတစ်ခု ဖြစ်သွားကြပါတယ်။
တစ်နှစ်အကြာမှာတော့ အိုဟိုင်းယိုးပြည်နယ်ရဲ့ ပြင်းထန်တဲ့ ဆောင်းရာသီကို ရောက်လာခဲ့ပါတယ်။
အလွန်အေးစိမ့်တဲ့ မနက်ခင်းတစ်ခုမှာ ဝရန်တာပေါ်က သတင်းစာကို သွားယူရင်း၊ ခဲနေတဲ့ ရေခဲပြင်ပေါ်မှာ ခြေချော်ပြီး လှေကားထစ်တွေပေါ်ကနေ လိမ့်ကျသွားပါတော့တယ်။
အရိုးကျိုးသွားတဲ့ 'ဂျောက်ကနဲ' အသံကို ကျွန်တော် ကြားလိုက်ရပါတယ်။
ကျွန်တော်ဟာ အလွန်အေးစိမ့်နေတဲ့ အိမ်ရဲ့အပြင်မှာ လဲကျနေတာပါ။ လှုပ်လည်းမလှုပ်နိုင်၊ ဖုန်းကိုလည်း လှမ်းမယူနိုင် ဖြစ်နေခဲ့ပါတယ်။
လမ်းမပေါ်မှာလည်း ဘယ်သူတစ်ဦးတစ်ယောက်မှ မရှိဘဲ လုံးဝ တိတ်ဆိတ်နေပါတယ်။
ဒါပေမဲ့ 'ဂျက်' က သတိထားမိသွားပါတယ်။ သူ အလုပ်သွားဖို့ ထွက်လာချိန်မှာ လေအေးတွေ တိုက်ခတ်နေတဲ့ကြားထဲ၊ ကျွန်တော့်အိမ်ရှေ့တံခါးကြီး ဟာလာဟင်းလင်း ပွင့်နေတာကို မြင်ပြီး ပြေးလာခဲ့တာပါ။
သူက လူနာတင်ကားကို ခေါ်ပေးတယ်၊ အိမ်ထဲက စောင်တစ်ထည်ကို ပြေးယူပြီးလာပေးတယ်။ လူနာတင်ကား အသံကြားရတဲ့အထိ နှင်းတွေထဲမှာ ကျွန်တော်နဲ့အတူ ထိုင်နေပေးခဲ့တယ်။ ကျွန်တော့်လက်ကိုလည်း တင်းတင်းဆုပ်ကိုင်ထားပေးခဲ့ပါတယ်။
ကျွန်တော် အရေးပေါ် ခွဲစိတ်မှု လုပ်ခဲ့ရပါတယ်။ ပြန်လည်ကျန်းမာဖို့ဆိုတာ တကယ် ခက်ခဲတဲ့ ခရီးပါ။ ဆေးရုံမှာ နိုးလာတဲ့အခါ ဆေးအရှိန်ကြောင့် မူးဝေနေရင်း၊ အထီးကျန်တဲ့ ခံစားချက်ကြီးကိုပဲ ရင်ဆိုင်ရတော့မယ်လို့ ထင်ထားတာပါ။
သူနာပြုဆရာမလေးက ကျွန်တော့်ရဲ့အခြေအနေ ကို လာစစ်ပါတယ်။ သူမရဲ့ မျက်နှာပေါ်မှာတော့ တောက်ပတဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါတယ်။
"အဘိုးကတော့ တကယ့်ကို အရေးကြီးတဲ့ ဗီအိုင်ပီ တစ်ယောက်ပဲ ဖြစ်ရမယ်" လို့ သူနာပြုဆရာမက ဆေးပိုက် ကို ချိန်ညှိရင်း ပြောပါတယ်။
"အဖိုးက မုဆိုးဖိုတစ်ယောက်ပါကွယ်" လို့ ကျွန်တော်က တိုးတိုးလေး ပြန်ဖြေမိတယ်။
"ဟုတ်ပါပြီ" လို့ သူနာပြုဆရာမက ရယ်မောရင်း ပြောပါတယ်။
"အဲဒီ မုဆိုးဖို အဖိုးကြီးကို၊ စောင့်နေတဲ့သူတွေက အပြင်မှာ မတ်တပ်ရပ်စရာ နေရာတောင် မရှိတော့လောက်အောင် ပြည့်နှက်နေတာပဲ။ သူတို့ ဒီမှာ စောင့်နေကြတာ ခြောက်နာရီတောင် ရှိနေပြီရှင့် "
သူမက ဝှီးချဲကို အခန်းထဲ တွန်းယူလာပြီး ကျွန်တော့်ကို မတင်ပေးပါတယ်။
ပြီးတော့ ခွဲစိတ်ခန်းအပြင်က၊ စောင့်ဆိုင်းခန်းဆီကို တွန်းသွားပါတယ်။ အကွေ့လေးကို ကွေ့လိုက်တဲ့အချိန်မှာပဲ ကျွန်တော် အသက်ရှူမှားလောက်အောင် အံ့ဩသွားရပါတယ်။
အဲဒီမှာ 'ဂျက်' ကို တွေ့လိုက်ရတယ်။ သူဟာ ဆီတွေပေနေတဲ့ သူ့ရဲ့ အလုပ်ဝတ်စုံနဲ့ ဟိုလျှောက်ဒီလျှောက် လုပ်နေပါတယ်။
သူ့နောက်မှာတော့ သားရေဂျာကင်တွေဝတ်ထားပြီး တက်တူးတွေနဲ့ ကိုယ်လုံးကိုယ်ထည် ကြီးမားတဲ့ လူ ခြောက်ယောက်လောက် ရှိနေပါတယ်။ သူတို့ကတော့ ဂျက်ရဲ့ စက်ပြင်အဖွဲ့သားတွေပေါ့။
ဒါတင် မကသေးပါဘူး။ နားနေခန်းရဲ့ခုံတွေပေါ်မှာတော့ ကလေးငယ်တွေကိုယ်စီနဲ့ ကောင်မလေးသုံးယောက် ထိုင်နေကြပါတယ်။ ကျွန်တော် သူတို့ကို ချက်ချင်း မှတ်မိလိုက်ပါတယ်။သူတို့ဟာ ကုန်စုံဆိုင်မှာ ကျွန်တော် ငွေရှင်းပေးခဲ့ဖူးတဲ့ အမျိုးသမီးတွေပါ။
လူနာတင်ကားက ကျွန်တော့်ကို တင်သွားတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ပိုက်ဆံအိတ် မပါသွားတာကို 'ဂျက်' က သတိပြုမိခဲ့ပုံရပါတယ်။
အဲဒီပိုက်ဆံအိတ်ကို သိမ်းဆည်းပေးဖို့ ကျွန်တော့်အိမ်ထဲကို သူဝင်သွားတဲ့အခါ၊ စားပွဲပေါ်မှာ ကျွန်တော် စုထားတဲ့ ကုန်စုံဆိုင်က ငွေပြေစာ တွေကို၊ သူတွေ့သွားခဲ့တာပါ။
ကျွန်တော် ဘာတွေလုပ်နေခဲ့သလဲဆိုတာကို သူ သိသွားပါပြီ။
မြို့နယ်က ဖေ့ဘုတ်ပေ့ဂျ် မှာ "လျှို့ဝှက်ကုန်စုံဆိုင် နတ်သားကြီး" ဟာ ဆေးရုံမှာ တစ်ယောက်တည်း ရောက်နေပါပြီလို့ 'ဂျက်' က ပို့စ်တင်လိုက်ပါတယ်။
သူတို့တွေက ကျွန်တော့်ကို တစ်ယောက်တည်း အထီးကျန်အောင် ပစ်မထားခဲ့ကြပါဘူး။
ပထမဆုံးအကြိမ်တုန်းက ကျွန်တော် ကူညီခဲ့ဖူးတဲ့ ဆံပင်အရောင်ဆိုးထားတဲ့ ကောင်မလေးဟာ ကျွန်တော့်ရဲ့ ဝှီးချဲနားကို လျှောက်လာပါတယ်။
သူမက ကျွန်တော့်ကို အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခါးခါးတစ်ခွက်ကို ကမ်းပေးခဲ့ပါတယ်။( ကျွန်တော် ကော်ဖီ ခါးခါးကြိုက်တာ 'ဂျက်' ပြောထားပုံရပါတယ်။)
"စိုးရိမ်ပူပန်ရတာဟာ လူကို ပင်ပန်းနွမ်းနယ်စေပါတယ် 'အာသာ' " လို့ သူက ကျွန်တော့်ပုခုံးကို ညင်သာစွာ ဆုပ်ကိုင်ရင်း တိုးတိုးလေး ပြောပါတယ်။
"ဒီနေ့တော့ ကျွန်မတို့ကို ပြုစုစောင့်ရှောက်ခွင့် ပေးပါ။"
ကျွန်တော် ဝှီးချဲပေါ်မှာ ထိုင်နေရင်း ကလေးတစ်ယောက်လို ငိုချလိုက်မိပါတော့တယ်။
ကျွန်တော်တို့ဟာ ဘဝရဲ့ အချိန်တော်တော်များများကို တံခါးတွေ ပိတ်ထားပြီး ကိုယ်နဲ့ မတူတဲ့သူတွေကို ပြစ်တင်ဝေဖန်ရင်း ကုန်ဆုံးစေခဲ့ကြတယ်။
ဆူညံတဲ့သူတွေဟာ လူရှုပ်တွေ၊ တက်တူးထိုးထားတဲ့သူတွေဟာ အန္တရာယ်ရှိတဲ့သူတွေ၊ လူငယ်တွေဟာ လူကြီးတွေကို ဂရုမစိုက်ဘူးလို့ ကျွန်တော်တို့ ထင်တတ်ကြပါတယ်။
ဒါပေမဲ့ မေတ္တာတရားဆိုတာ ဝတ်ကောင်းစားလှတွေ သေသေသပ်သပ်ဝတ်ပြီးမှ ပေါ်လာတတ်တာမျိုး မဟုတ်ပါဘူး။
တစ်ခါတစ်ရံမှာတော့ ပွန်းပဲ့နေတဲ့ ဖိနပ်အညံစားတွေစီး၊ ဆူညံတဲ့ ဆိုင်ကယ်ကို စီးပြီး အရုဏ်တက်ချိန်မှာ မြက်ဖြတ်စက်တစ်ခုနဲ့အတူ ပေါ်လာတတ်ပါတယ်။
Saya U Khin Zaw ( ဘာသာပြန် )
#စာပေ #ဗဟုသုတ #စာပေဗဟုသုတ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
************************************