24/03/2023
ခြံစည်းရိုးအဖြစ်သုံးနေကြတဲ့ အဝိုင်းပေါက်အပြားလေးတွေရဲ့ သမိုင်းကြောင်း
အဲ့ဒီ သံပြားပေါက်တွေကို ဒုတိယကမ္ဘာစစ်အတွင်း လေယာဉ်ကွင်းတွေမှာ ပြေးလမ်းကို အမြန်ခင်းနိုင်အောင် သုံးခဲ့တာဖြစ်ပါတယ်။ Marston mats (မာစတန် ကြမ်းခင်း) လို့ ခေါ်ပါတယ်။ နောက်တစ်နည်း PSP (Perforated steel planking) လို့လည်း ခေါ်ပါတယ်။ မြန်မာလို ဆိုရင်တော့ သံပြားပေါက် ကြမ်းခင်းပြားလို့ ဘာသာပြန်ရမှာပေါ့လေ။ ဒီ သံပြားပေါက် အခင်းပြားတွေကို ဒုတိယကမ္ဘာစစ် မစမှီလေးမှာပဲ အမေရိကန်တွေက တီထွင်ခဲ့တာပါ။ ယာဉ်သွားလမ်းတွေ၊ လေယာဉ်ပြေးလမ်းတွေကို အမြန်တည်ဆောက်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာပါ။
Marston mats ဆိုတဲ့ နာမည်ကတော့အမေရိကန် မြောက်ကာရိုလိုင်းနားပြည်နယ်က Marston လေယာဉ်ကွင်းမှာ အရင်ဆုံး စတင်စမ်းသပ် အသုံးပြုခဲ့တဲ့အတွက် အဲ့ဒီနာမည် တွင်သွားတာပါ။ သံပြားတွေရဲ့ အလယ်က အပေါက်တွေက သေချာဖောက်ထားတာပါ။သံပြားရဲ့ ဝိတ်ကို ပေါ့သွားအောင်ရော၊ သံပြားက အချပ်ပါးလေး ဖြစ်မနေပဲ နည်းနည်း ဖောင်းကြွ ဖြစ်လာအောင်အတွက်ပါ အပေါက်တွေ ဖောက်ထားတာပါ။ ထို့အပြင် သံပြား တွန့်လိမ်ခြင်း မဖြစ်ရအောင် အပေါက်တွေ တစ်လိုင်းခြင်း ကြားမှာ U ပုံသဏ္ဍာန် မြောင်း၂ ချောင်း ထည့်ထားပေးပါတယ်။ ၎င်း မြောင်းတွေဟာ ရေဆင်းမြောင်းတွေ အဖြစ်ပါ ဒီဇိုင်းထုတ်ပေးထားတာ ဖြစ်ပါတယ်။
သံပြားရဲ့ အလျားလိုက် တစ်ဖက်မှာ ချိတ်တွေပါပြီး အလျားလိုက် နောက်တစ်ဖက်မှာ အဲ့ဒီချိတ်တွေနဲ့ ချိတ်ဆက်ဖို့ အပေါက်တွေ ပါဝင်ပါတယ်။ သံပြားပေါက်တွေကို ခင်းရာမှာတော့ zig zag pattern နဲ့ ခင်းကြတာများပါတယ်။ မဟုတ်ရင် အချပ်လိုက်ကြီး ရွေ့သွားမှာ စိုးလို့ပါ။ အမေရိကန် စစ်တပ်က အဲ့ဒီ PSP သံပြားပေါက်တွေကို M8 Landing Mat နာမည်ပေးပြီး အသုံးပြုခဲ့ပါတယ်။ အထူးသဖြင့် မြန်မာပြည်အပါအဝင် ပစိဖိတ် စစ်မျက်နှာ နေရာ အနှံ့အပြားမှာ အသုံးပြုခဲ့ပါတယ်။
M8 PSP တစ်ချပ်သည် အလျား ၁၀ ပေ၊ အနံ ၁၅ လက်မ ရှိပြီး ၆၆ ပေါင် လေးပါတယ်။ သံပြားပေါက် တစ်ချပ်မှာ အပေါက်ရေ ၈၇ ပေါက် ပါပါတယ်။ သံပြားပေါက်တွေကို Manganese ပါဝင်မှုနှုန်းများတဲ့ Steel နဲ့ လုပ်ထားတာပါ။ အဲ့ဒီအတွက် အရမ်း အကြမ်းခံပါတယ်။ ရာသီဥတုဒဏ် ခံနိုင်ပါတယ်။ အဖြုတ်အတပ်၊ အရွေ့အပြောင်း အကြိမ်ရေ များများ သုံးနိုင်ပါတယ်။ ဒါကြောင့်မို့လည်း ဒီနေ့အထိ အဲ့ သံပြားပေါက်တွေကို သုံးလို့ ရနေသေးတာပါ။
ဒါပေမယ့် သံပြားပေါက် တစ်ချပ်ကို ၆၆ပေါင် လေးနေတဲ့အတွက် လေယာဉ်နဲ့ သယ်ယူပို့ဆောင်ရာမှာ အခက်အခဲရှိပါတယ်။ အဲ့ဒီအတွက် M9 Landing Mat ဆိုပြီး အလူမီနီယံ အပြားတွေ ထုတ်လုပ်ခဲ့ပါသေးတယ်။ M9 အလူမီနီယံ အပြားတွေက M8 သံပြားတွေထက် ဝိတ် ၃ ပုံ တစ်ပုံပဲ ရှိပါတယ်။ ဒါပေမယ့် စစ်အတွင်းမှာ အလူမီနီယံက စစ်အောင်နိုင်ရေးအတွက် အရေးကြီး သတ္တု ဖြစ်နေတာ တစ်ကြောင်း၊ သံပြားလောက် ခံနိုင်ရည် မရှိတာကြောင့်ရော ဆက်လက် မထုတ်လုပ်ခဲ့ပါဘူး။
ပစိဖိတ် စစ်မျက်နှာက ကျွန်းတွေပေါ်မှာ လေယာဉ်ပြေးလမ်း ဆောက်ဖို့ဆိုရင် မြေကြီးကို အရင် ညှိရပါတယ်။ အဲ့ဒီ မြေသားလမ်းပေါ်မှာ M8 သံပြားပေါက်တွေကို ခင်းပြီးတော့မှ အဲ့ဒီ သံပြားပေါက်တွေ အပေါ်ကို ကျောက်မှုန့်တွေ၊ မြေကြီးတွေနဲ့ ဖို့ကြပါတယ်။ တစ်ခါလေ သံပြားပေါက် အတိုင်းလည်း ခင်းထားတတ်ကြပါတယ်။
စစ်ပြီးကာလမှာတော့ လေယာဉ်ပြေးလမ်းမသုံးတော့တဲ့အတွက် လူနေအိမ်ခြံစည်းရိုးတွေ၊ အကာတွေ အဖြစ် သုံးခဲ့ကြပါတယ်။ မြန်မာနိုင်ငံနေရာတော်တော်များများမှာ ခြံစည်းရိုးအဖြစ်သုံးနေကြတာ တွေ့ရပါတယ်။
Credits
Photos
Original စာရေးသူ
(Zaw)