10/08/2025
ဝရုန်းသုန်းကား ကာလကြီးလို့ ပြောမလား။
၈၈ ၈၉ ၉၀ ဝန်းကျင်မှာ ကျနော်တို့ ကျောင်းနေဖက်သူငယ်ချင်းတွေ မွေးလာကြတယ်။ ခေတ်မကောင်းတဲ့ကာလမှာ မွေးလာကြသူတွေ ဖြစ်ပေမယ့် ကျနော်တို့ ဖြတ်သန်းရတဲ့ ငယ်ဘဝတွေဟာ ကောင်းတာတွေချည်း ရခဲ့ကြပါတယ်။ ကျနော်တို့ ဒေသကွက်ကွက်လေးကိုပဲ ပြောရရင် တိုက်ပွဲဖြစ်လို့ ပြေးရတယ်ဆို မရှိသလောက်။
ကျောင်းကို ပျော်ပျော်ကြီးတက်ခဲ့ရတယ်။
စာအုပ်ဆိုင်က စာအုပ်တွေ ဖတ်စရာရှားတဲ့အထိ ဖတ်ခွင့်ရခဲ့တယ်။
သီချင်းတွေ သေချာ နားထောင်ခွင့်ရခဲ့တယ်။
ဘောလုံးကို စိတ်ကြိုက်ကစားခွင့်ရခဲ့တယ်။
လူမျိုးမတူ ဘာသာမတူတာတွေ ရှိပေသိ၊
ငြင်းကြခုံကြတာတွေ ရှိပေသည့် အသည်းထိ လှိုက်ပြီး နာသွားကြတာမျိုးမရှိ၊ အမုန်းကြီး မုန်းသွားကြတာမျိုးမရှိ။ သူ့ပွဲကိုယ်သွား ကိုယ့်ပွဲသူလာနဲ့ တော်တော်ကို ပျော်ပျော်ပါးပါး ရှိခဲ့တဲ့ ကာလတွေပါ။
လူငယ်သဘာဝ ရန်ပွဲ၊ ရိုက်ပွဲရှိကြပေမယ့် ဘယ်သူမှ လူမျိုးနဲ့ ချီပြီး ရန်မီးမစကြ။ စဖို့ရာလည်း နာနာကြည်းကြည်း ခံစားချက်မရှိကြ။
လူကြီးတချို့ အတိတ်က အဖြစ်အပျက်တချို့ကြောင့် စိုးရိမ်စိတ်နဲ့ ခြောက်လှန့် ပြောဆိုတာမျိုးရှိခဲ့တာတောင် ဘယ်သူမှ ကိုယ့်သူငယ်ချင်းကို စွန့်ပစ်လိုက်ဖို့ စိတ်ကူးမရှိကြ။ ပေါင်းရင်း သင်းရင်း တကယ်ပင်ညီအကိုလို နေခဲ့ကြသူတွေပါ။
ခုခေတ်စားလာတဲ့ Slow Living ဆိုတာမျိုး အပြည့်အဝကြီး ရခဲ့ကြပါတယ်။
ခုဆို ကျနော်တို့တွေ ၃၅ ကျော်လို့ ၄၀ထဲ ခြေလှမ်းကြပါပြီ။
လူငယ်အရွယ်က ကျော်ပြီး လူရွယ်ဖြစ်ကြပါပြီ။ ကောင်းရာကောင်းကြောင်းအတွက် ဦးဆောင်ကြရမယ့်အရွယ်။ ရှေ့ဆောင်လှမ်းပြကြရမယ့် အရွယ်။
ဒီလိုအရွယ်မှာ ကျနော်တို့ လူငယ်တွေကို ပေးနေကြတာတွေက စစ်ပွဲတွေ၊ လူမျိုးနဲ့ချီပြီး ရန်မီးပွားစရာတွေ၊ မျိုးဆက်နဲ့ချီပြီး မုန်းကြမယ့်အမုန်းတွေ။
အများကြီးတွေးလေ အများကြီး စိတ်မောစရာ ဖြစ်လေပါပဲလေ။