19/07/2022
အလုပ်လျှောက်လွှာနဲ့ CV ရေးရာမှာ သိမှတ်ဖွယ်ရာ
မိမိအနေနဲ့ အလုပ်တစ်ခုကို လျှောက်တော့မယ်ဆိုရင် မိမိရဲ့ ကိုယ်ရေးရာဇဝင် (ဝါ) ကိုယ်ရေးအချက်အလက် အထောက်အထား (CV = Curriculum Vitae) တစ်ခုတည်းနဲ့ အလုပ်မလျှောက်သင့်ကြောင်းကို ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့ထုတ် အခွင့်အလမ်းဂျာနယ်၊ အမှတ် ၂၁၆မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အလုပ်လျှောက်ထားရာမှာ အလုပ်လျှောက်လွှာ (Cover Letter or Application Letter) နဲ့အတူ လျှောက်ထားခြင်းက မိမိအပေါ်မှာ မိမိအလုပ်လျှောက်ထားတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းဘက်မှ အထင်ကြီးလေးစားမှု (Impression) ရရှိစေပါတယ်။
အလုပ်လျှောက်လွှာ (Cover Letter or Application Letter) ရေးသားရာမှာ မိမိလျှောက်ထားတဲ့ အလုပ်နဲ့ ဆက်စပ်ပက်သတ်တဲ့ မိမိရဲ့ ကျွမ်းကျင်မှု (Skills)၊ အတွေ့အကြုံ (Experience) နဲ့ ဗဟုသုတ (Knowledge) တို့ကို တိတိကျကျ (Specific) ဖြစ်အောင် ဖော်ပြသင့်ပါတယ်။ မိမိရဲ့ အလုပ်လျှောက်လွှာဟာ မိမိအလုပ်လျှောက်ထားရာမှာ အထင်ကြီးလေးစားမှုကို ဖြစ်စေတာကြောင့် သေသေချာချာ ဂရုတစိုက်ရေးရမှာဖြစ်ပါတယ်။
အလုပ်ခေါ်ယူတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းနဲ့ မိမိလျှောက်ထားတဲ့အလုပ်အပေါ် မိမိအနေနဲ့ဘာကြောင့် စိတ်ဝင်စားကြောင်း၊ ဘယ်လိုရည်ရွယ်ချက်နဲ့လျှောက်ထားကြောင်းတဲ့ ရှင်းလင်းဖော်ပြချက်တွေပါတဲ့ အလုပ်လျှောက်လွှာဟာ အကျိုးသက်ရောက်မှုရှိတဲ့ အလုပ်လျှောက်လွှာ (effective cover letter or effective application letter) တစ်စောင်ပဲဖြစ်ပါတယ်။ ဒါကြောင့် နမူနာအလုပ်လျှောက်လွှာပုံစံများကို သေချာအချိန်ယူလေ့လာထားကြပြီး အလုပ်ကြော်ငြာစာ (vacancy announcement) မှာပါတဲ့ အလုပ်အတွက် စံသတ်မှတ်ချက် (criteria) နဲ့ မိမိရဲ့ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ ဗဟုသုတ၊ ပညာအရည်အချင်း စတာတွေက ဘယ်လိုဆက်စပ်ပတ်သက်ကြောင်း ရှင်းလင်းဖော်ပြရပါမည်။ ဒီနေရာမှာ တစ်ခုအသိပေးလိုတာက နမူနာပုံစံ (Samples) တွေက လေ့လာဖို့ လမ်းညွှန်အဖြစ်သာ ဖော်ပြပေးထားတာဖြစ်ပြီး မိမိနဲ့ကိုက်ညီမယ့် အနေအထားကို မိမိဘာသာ တည်းဖြတ်ရေးသားရမှာဖြစ်ပါတယ်။
အလုပ်လျှောက်လွှာနဲ့ ပက်သက်ပြီး သိမှတ်ဖွယ်ရာများကို ဖော်ပြပေးရမယ်ဆိုရင် တချို့က အလုပ်လျှောက်လွှာရဲ့ ထိပ်ဆုံးမှာ မိမိရဲ့လိပ်စာကို ရေးတတ်ကြပြီး တချို့ကျတော့လည်း အလုပ်လျှောက်လွှာအောက်ဆုံးမှာရေးကြသလို တချို့ကျတော့လည်း အလုပ်လျှောက်လွှာပေါ်မှာ လိပ်စာကို မရေးကြပါဘူး။ အလုပ်လျှောက်လွှာရဲ့ ထပ်ဆုံးမှာ ရေးလေ့ရှိကြတာကတော့ လိပ်မူရမယ့် ပုဂ္ဂိုလ်၊ ရာထူး၊ ကုမ္ပဏီ၊ အဖွဲ့အစည်းအမည်နဲ့ လိပ်စာ၊ နေ့စွဲတိုဖြစ်ပါတယ်။ ပြီးရင် Dear Mr.---/Ms.---/U.---/Daw.---ဆိုပြီးရေးရပါမယ်။ အဲဒီနေရာမှာ ‘To whom it may concern’ ဆိုပြီး လုံးဝ (လုံးဝ) မရေးသားပါဘူး။ (နမူနာ Application Letter ကို လေ့လာပါ။)
ပထမအပိုင်းမှာတော့ မိမိလျှောက်ထားတဲ့အလုပ် (Position) ရယ်၊ အဲဒီအလုပ်ကို ဘယ်မှာတွေ့တယ်၊ ဘယ်သူ့ဆီကရတယ်၊ ဘာကြောင့် လျှောက်ထားတယ် စတဲ့အချက်တွေပါသင့်ပါတယ်။ ဒုတိယအပိုဒ်မှာတော့ မိမိလျှောက်တဲ့အလုပ်နဲ့ မိမိရဲ့အရည်အချင်း၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ ဗဟုသုတတွေနဲ့ ဘယ်နည်းဘယ်ပုံ ကိုက်ညီကြောင်းကို တိတိကျကျ spfcifically ဖော်ပြရေးသားသင့်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက အလုပ်လျှောက်လွှာဟာ အလုပ်လျှောက်လွှာပဲဖြစ်ပါတယ်။ မိမိရဲ့ ကိုယ်ရေးအချက်အလက် (CV) ကိုပြန်ပြောပြနေခြင်းမဟုတ်ဘဲ မိမိရဲ့အရည်အချင်း၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ ဗဟုသုတတို့နဲ့ပတ်သက်ပြီး အကျိုးအကြောင်းဖော်ပြချက်တွေကို ကျိုးကြောင်းဆီလျော်စွာ ရေးသားတင်ဆက်ရပါမယ်။ နောက်ဆုံးစာပိုဒ်မှာတော့ ဒီရာထူးလျှောက်ထားတာကို လက်ခံစဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ အကယ်၍ လူတွေ့စစ်မေးခြင်း (personal interview) အတွက် အလုပ်ခေါ်တဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းရဲ့ အဆင်ပြေတဲ့အချိန်မှာ အဆင်သင့်ဖြစ်ပါကြောင်း ရေးသားဖော်ပြပြီး နိဂုံးချုပ်ရမှာဖြစ်ပါတယ်။ စာရဲ့အဆုံးမှာတော့ Yours respectfully, or Respectfully yours, or Yours sincerely; or Sincerely yours, လို့ရေးပြီး အဲဒီအောက်မှာ မိမိလက်မှတ်ကိုရေးထိုးပေးရမှာဖြစ်ပါတယ်။ သတိပြုရမယ့်အချက်က အလုပ်လျှောက်လွှာဟာ စာတစ်မျက်နှာ one page ပဲဖြစ်ရပါမယ်။
အရေးအကြီးဆုံးအချက်ကတော့ မိမိရဲ့ အလုပ်လျှောက်လွှာကို print out မထုတ်မီမှာ စာလုံးပေါင်းမှန်ကန်မှုရှိ၊ မရှိ၊ ဒ္ဒါမှန်ကန်မှုရှိ၊မရှိ စစ်ဆေးရမှာဖြစ်ပါတယ်။ နောက်ပြီး မိမိရဲ့အရေးအသားထဲမှာလည်း အရပ်သုံးစကားလုံး အသုံးအနှုန်းများ၊ ဘန်းစကားများကို ရှောင်ရှားရေးသားရပါမယ်။
ဆက်လက်ပြီး အလုပ်လျှောက်ထားရာမှာ အများသိကြတဲ့ CV နဲ့ resume/ rezju;mei; (မြန်မာလို ‘ရဇူးမေး’ လို့အသံထွက်ပါတယ်) အကြောင်းပြောပြလိုပါတယ်။ Oxford Advanced Learner’s Dictionary (6th Edition) မှာဖော်ပြထားတာကတော့
• Curriculum vitae (Abbr; CV) (US also resume) = brief account of sb’s previous career, usually submitted with an application for a job.
• Resume (US)/ rezju;mei;/=curriculum vitae လို့အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ဆိုလိုတာကတော့ CV ဆိုတာ အလုပ်လျှောက်ထားသူရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖော်ပြထားတဲ့ အထောက်အထားတစ်ခုဖြစ်ပါတယ်။ resume (ရဇူးမေး) ဆိုတာကတော့ အမေရိကန်သုံး အင်္ဂလိပ်ဘာသာ (American English) အရ CV ကိုခေါ်ထားဖြစ်ပါတယ်။ ဒီနေရာမှာ အများစုသိနေပြီးဖြစ်တဲ့ CV ကတော့ CV ရဲ့ထပ်ဆုံးအလယ်မှာ Curriculum Vitae ဆိုတာကို ရေးလေ့ရှိကြပြီး မိမိ (အလုပ်လျှောက်ထားသူ) ရဲ့အမည်၊ အသက်၊ မွေးသက္ကရာဇ်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ (NRC = National Registration Card No.) သို့မဟုတ် နိုင်ငံသား စိစစ်ရေးကတ်ပြား (Citizen Verification Card) အမှတ်၊ အဖအမည် (အချို့ CV များတွင် မိခင်အမည်ကိုလည်း ဖော်ပြကြပါတယ်)၊ အချို့ CV တွေမှာ ဖခင်ရဲ့အလုပ်အကိုင်ကို ဖော်ပြတာတွေတွေ့ခဲ့ဖူးပါတယ်။ ပညာအရည်အချင်း (Educational Qualification)၊ တတ်ရောက်ခဲ့ဖူးတဲ့ အတတ်ပညာပိုင်းဆိုင်ရာ သင်တန်းများ၊ အရည်အချင်းများ (Other Qualification or Professional Qualification)၊ အလုပ်အကိုင်ရှိတဲ့သူဆိုရင်လည်း မိမိယခင်က လုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်အတွေ့အကြုံ (Work Experience)၊ မိမိရဲ့စိတ်ဝင်စားမှု (Interest)၊ မိမိရဲ့ဝါသနာ (Hobby) နဲ့ နေရပ်လိပ်စာတို့ကို ရေးလေ့ရှိကြပါတယ်။ နိုင်ငံတကာအဆင့် CV တွေမှာတော့ အထက်မှာ ဖော်ပြခဲ့တာတွေအပြင် နိုင်ငံကူးလက်မှတ် (passport) နံပါတ်၊ အရပ်အတိုင်းအတာ၊ ကိုယ်အလေးချိန်နဲ့မျက်လုံး၊ ဆံပင်တို့ရဲ့အရောင်းတွေပါ ဖော်ပြရပါမည်။
CV မှာပညာအရည်အချင်းနဲ့ တက်ရောက်ခဲ့ဖူးတဲ့ အတက်ပညာပိုင်းဆိုင်ရာသင်တန်းများကို ဖော်ပြရာမှာ နောက်ဆုံပြီးဆုံးခဲ့တဲ့ ပညာအရည်အချင်းနဲ့သင်တန်းများကို အရင်ဆုံးဖော်ပြရပါမယ်။ ထိုနည်းတူ အလုပ်အကိုင်အတွေ့အကြုံကို ဖော်ပြရာမှာလည်း နောက်ဆုံးလုပ်ခဲ့တဲ့အလုပ်ကို အရင်ဆုံးဖော်ပြပြီး ကျန်တာတွေကို အစဉ်အတိုင်း ဖော်ပြရပါမယ်။ မိမိရဲ့အလုပ်အတွေ့အကြုံ (Work Experience) ကိုဖော်ပြတဲ့နေရာမှာ အကြံပြုလိုတာက မိမိယခင်က လုပ်ကိုင်ဖူးတဲ့ရာထူး (position)၊ ကုမ္ပဏီ၊ အဖွဲ့အစည်းရဲ့အမည် (Employer or Company or Organisation)၊ လုပ်ကိုင်ခဲ့တဲ့အချိန်ကာလ (Duration of Employment) နဲ့ ဆောင်ရွက်ခဲ့တဲ့တာဝန် ဝတ္တရား (Duties and Responsibilities) တို့ကို သေချာဂရုစိုက်ရေးသင့်ပါတယ်။
တချို့သော အလုပ်လျှောက်သူတွေရဲ့ CV မှာ အလုပ်အတွေ့အကြုံကိုဖော်ပြတဲ့အခါ ရာထူးနဲ့ဆောင်ရွက်ခဲ့ရတဲ့ တာဝန်ဝတ္တရား စတာတွေမပါဘဲ ကုမ္ပဏီ၊ အဖွဲ့အစည်းရဲ့အမည်နဲ့လုပ်ကိုင်ခဲ့တဲ့ အချိန်ကာလကို ဖော်ပြထားတာတွေ တော်တော်များများ တွေ့ခဲ့ဖူးပါတယ်။ အဲဒီတော့ အလုပ်ခေါ်တဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းဘက်က ပဏာမရွေးချယ်မှု (initial screening) ပြုလုပ်ရာမှာ အဲဒီလိုလျှောက်လွှာရှင်တွေအပယ်ခံရတတ်ပါတယ်။
မိမိလုပ်ကိုင်ခဲ့တဲ့အချိန်ကာလကို ဖော်ပြရာမှာလည်း တိတိကျကျဖော်ပြသင့်ပါတယ်။ ရက်မမှတ်မိရင်တောင် လနဲ့ခုနှစ်ကိုတော့ ဖော်ပြနိုင်ရပါမယ်။ တချို့ CV တွေမှာဆိုရင် လုပ်ကိုင်ခဲ့တဲ့အချိန်ကာလကို from 2007 to 2008 လို့ပဲ ရေးထားကြတာတွေကို တွေ့ခဲ့ဖူးပါတယ်။ တချို့အလုပ်တွေက လုပ်သက်ကို အနည်းဆုံး ၂နှစ် တောင်းထားတယ်ဆိုပါစို့။ အဲဒီလိုရေးလိုက်တဲ့အတွက် တွက်ရခက်သွားတတ်ပါတယ်။ (ဥပမာ - January 2007 ကနေ December 2008 အထိဆိုရင် လုပ်သက် ၂နှစ် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်လုပ်ခဲ့တာ November 2007 ကနေ January 2008 အထိဆိုရင် လုပ်သက်က လပိုင်းပဲရှိပါမယ်။) ဒါကြောင့် မိမိယခင်က လုပ်ကိုင်ခဲ့တဲ့အချိန်ကာလကို တိတိကျကျ ဖော်ပြကြဖို့ အကြံပြုလိုပါတယ်။
ဆောင်ရွက်ခဲ့တဲ့ တာဝန်ဝတ္တရားတို့ကို ဖော်ပြရာမှာလည်း ယခင်က လုပ်ခဲ့ဖူးတဲ့အလုပ်ဟာ ရာထူးငယ်သည်ဖြစ်စေ၊ ရာထူးနိမ့်သည်ဖြစ်စေ သောချာဖော်ပြရမှာဖြစ်ပါတယ်။ ဒါတွေဟာ မိမိလက်ရှိလျှောက်တဲ့အလုပ်ကို ပံ့ပိုးကူညီပေးကြမယ့် လှေကားထစ်များပဲဖြစ်ပါတယ်။
CV ရဲ့အောက်ဆုံးမှာတော့ မိမိအတွက် ထောက်ခံသူ (referee) နှစ်ဦးရဲ့ အမည်၊ရာထူး၊ ကုမ္ပဏီ၊ အဖွဲ့အစည်းအမည်၊ ရုံးလိပ်စာ၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ email address တို့ကို ဖော်ပြပေးရမှာဖြစ်ပါတယ်၊ အဲဒီထောက်ခံသူနှစ်ဦးအနက် တစ်ဦးက အလုပ်လျှောက်ထားသူရဲ့ပညာရေး (Academic) အတွက်ထောက်ခံသူ (ဥပမာ - ပါမောက္ခ၊ ဌာနမှူး၊ ကျောင်းအုပ်ကြီး စသဖြင့်) ဖြစ်ပြီးနောက်တစ်ဦးကတော့ မိမိရဲ့ ယခုလက်ရှိအနီးကပ်ကြီးကြပ်သူအထက်အရာရှိ (immediate supervisor) သို့မဟုတ် ယခင်အလုပ်က မိမိကုကောင်းစွာသိရှိသော အထက်အရာရှိ တစ်ဦးဖြစ်ပါတယ်။ အဲဒီထောက်ခံသူ (refree) နှစ်ယောက်စလုံးဟာ အလုပ်လျှောက်သူနဲ့အမျိုးတော်စပ်သူ လုံးဝ (လုံးဝ) မဖြစ်ရပါဘူး။ (နမူနာ CV လေ့လာပါ။)
တချို့ကုမ္ပဏီ၊ အဖွဲ့အစည်းတွေကတော့ သူတို့ရဲ့အလုပ်လျှောက်လွှာပုံစံ (Application Form) တွေနဲ့ အလုပ်လျှောက်ခိုင်းတတ်ပါတယ်။ အဲဒီအလုပ်လျှောက်လွှာပုံစံတွေကို တချို့ကုမ္ပဏီ၊ အဖွဲ့အစည်းတွေက ရောင်းချလေ့ရှိပြီး တချို့ကတော့ အခမဲ့ထုတ်ပေးပါတယ်။ တချို့ကလည်း သူတို့ရဲ့ website မှာအလုပ်လျှောက်လွှာပုံစံကို တင်ထားတတ်ကြပါတယ်။ အလုပ်လျှောက်လွှာပုံစံနဲ့ အလုပ်လျှောက်ခိုင်းတဲ့ ရည်ရွယ်ချက်ကတော့ အလုပ်ခေါ်ယူတဲ့ကုမ္ပဏီ၊ အဖွဲ့အစည်းကြီးတွေအနေနဲ့ အလုပ်လျှောက်ထားသူရဲ့ ကိုယ်ရေးအချက်အလက်များ (Bio Date) ကို စာရင်းသွင်းရာမှာ လွယ်ကူမြန်ဆန်ချင်တဲ့သဘောဖြစ်နိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ အလုပ်လျှောက်လွှာ၊ CV တို့နဲ့အတူ မိမိသင်ယူတတ်မြောက်ထားတဲ့ ပညာအရည်အချင်း၊ ဘွဲ့၊ ဒီဂရီအောင်လက်မှတ် မိတ္တူများ၊ မိမိလျှောက်ထားတဲ့ အလုပ်နဲ့ပက်သတ်တဲ့ တတ်ကျွမ်းထားတဲ့အတတ် ပညာဆိုင်ရာ လက်မှတ်မိတ္တူများ၊ မိမိလျှောက်ထားတဲ့အလုပ်နဲ့သက်ဆိုင်တဲ့ တတ်ရောက်ခဲ့ဖူးတဲ့ သင်တန်းလက်မှတ် မိတ္တူများနဲ့ ယခင်အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတို့မှ ထောက်ခံစာ (Recommendation Letter) မိတ္တများ ပူးတွဲတင်ပြလျှောက်ထားရပါမယ်။
အခု ဒီဆောင်းပါးလေးကို ဖတ်ရှုပြီးတဲ့အခါ မိမိလျှောက်ထားမယ့်အလုပ်အတွက် အကျိုးသက်ရောက်မှုရှိတဲ့ အလုပ်လျှောက်လွှာ (Effective cover letter or effective application letter) နဲ့ အချက်အလက်တွေပြည့်စုံတဲ့ ကိုယ်ရေးအချက်အလက် (ဝါ) ကိုယ်ရေးရာဇဝင် (CV) တို့ကို ရေးသားနိုင်ကြပြီး အလုပ်အကိုင်ကောင်းများ ရရှိကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
အုန်းဝမ် (ရန်ကုန်တက္ကသိုလ်)
26.1.2010 (Tuesday) အခွင့်အလမ်းဂျာနယ်မှ ကူးယူဖော်ပြပေးထားပါသည်။