31/05/2026
#အုန့်နို့ဆန်ပြုတ်
ကျနော် ငယ်ငယ်က ဆန်ပြုတ် ကိုမကြိုက်ဘူး ။ မုန်းတဲ့အထဲမှာတောင်ပါတယ် ။ နေမကောင်းဖြစ်ရင် အိမ်က ထမင်းမကျွေးပဲ အသားရယ် ကြက်သွန်ဖြူ ရယ် ငရုတ်ကောင်းရယ် နဲ့ ဆားပါလေကာ ပြုတ်ထားတဲ့ ဆန်ပြုတ်ချည်းလိမ့်တိုက်တာ ။ ပါးစပ်က ဒီတိုင်းနေ မပျက်ပဲ သုံးနပ်လုံး ဆန်ပြုတ်ချည်း သောက်ရလို့ ပျက်ရော ။ ပုံမှန်ထမင်းဟင်း စားချင်လည်း မရဘူး ဆန်ပြုတ်ပဲ ။ အဲ့တော့ မမုန်းခံနိူင်ရိုးလား ။ ဆန်ပြုတ်လို့ အသံကြားရင်ကို ပျို့ချင်သလို အန်ချင်သလို ဖြစ်လာရော။
ကျနော်တို့ ရပ်ကွက်ကို အလယ်က အမှတ် သုံး လမ်း က ဖြတ်သွားလို့ စျေးပိုင်း နဲ့သုမာလာပိုင်း ဆိုပြီး နှစ်ပိုင်း ရှိတယ် ။ အဲ့ဒိအမှတ် သုံးလမ်း နဲ့ စျေးပိုင်း ကို ဦးတိုက်ပြီး ပေါက်တာ က ယုဇန လေး လမ်း ။ သုမာလာ ဘက်က လာသူမှန်သမျှဟာ အဲ့ဒိ လမ်းကို ဖြတ် ၊ အမှတ် သုံးလမ်းကို ကူးပြီးမှ စျေးကို ရောက်တယ် ။ ယုဇန လေးလမ်းထိပ်မှာက မူလတန်းကျောင်းလည်းရှိတော့ အဲ့လမ်းက စျေးသွားစျေးပြန် ၊ ကျောင်းသွား ကျောင်းပြန် နဲ့ တော်တော်စည်ပါတယ် ။ လူစည် တော့ စျေးဆိုင် လည်းပေါတယ် ။ အထူးသဖြင့် မုန့်ပဲသရေစာ ဆိုင်တွေပါ ။
အီကြာကွေးနဲ့တွဲရောင်းတဲ့ အုန်းနိူ့ဆန်ပြုတ် ဆိုင် ၊ မုန့်ဆီကြော် နဲ့တွဲရောင်းတဲ့ အကြော်စုံဆိုင် ၊ ခေါက်ဆွဲ ကြာဆံကို ရိုးရိုးမဟုတ် ကြော်ပြီးသုပ်ရောင်းတဲ့ အသုပ်ဆိုင် ၊ ဘိန်းမုန့်ဆိုင် ၊ စမူဆာ ချည်းသက်သက်ရောင်းတဲ့ဆိုင် ၊ အာဟာရ ဆိုတာကြီးရတဲ့ လဘက်ရည်ဆိုင် ၊ ကျောင်းထိပ် စက္ကူပင်အောက်ဆို ဆီထမင်းသည် ၊ ရွှေထမင်းတို့ မုန့်ဦးနှောက်တို့ရောင်းတဲ့ မြန်မာမုန့်သည် ၊ ကောက်ညှင်းပေါင်းသည် ၊ မုန့်စိမ်းပေါင်းသည် ၊ ကပ်စေးနည်းသည် ၊ အရုပ်သည် စုံလို့ပေါ့ ။
ကျောင်းသွားတိုင်း တခုမဟုတ် တခုတော့ ဝယ်စားတာချည်းပဲ ။ ဆန်ပြုတ်ဆိုင်တော့ ရှောင်ပေါ့ ။ တခါတော့ အမေက စားကြည့်ပါ ဆိုလို့ စားကြည့်တော့မှ လား လား ဆန်ပြုတ်ဆိုတာ ဒီလို ချိုအိစိမ့်ပြီး စားလို့ကောင်းတာလည်း ရှိပါလား ဆိုပြီး ကြိုက်သွားခဲ့တာပါပဲ။ ဒါပေမယ့် အုန်းနို့ ဆန်ပြုတ်ပဲ ကြိုက်တာပါ။ ရိုးရိုးဆန်ပြုတ်တော့ တော်တော်ကြီးတဲ့အထိ မသောက်ဘူး ။ အိမ်ထောင်ကျ ကလေးရပြီး မှော်ဘီ ရောက်တော့ သူငယ်ချင်း လင်မယား အိမ်မှာ ကျွေးတဲ့ ဝက်သားဆန်ပြုတ် သောက်ရတဲ့ အခါမှ ဆန်ပြုတ် အပေါ် အမြင် ပြောင်းသွားခဲ့တာပါ ။တသက်နဲ့ တကိုယ် စားဖူးတဲ့ ဆန်ပြုတ်ထဲ အရသာ အရှိဆုံးဆန်ပြုတ်ပါပဲ ။ ချက်နည်းက ရိုးရှင်းပေ မယ့် ကျနော် ဘယ်လိုချက်ချက် သူငယ်ချင်းလက်ရာကိုတော့ မမီပါ။ ကျနော်နဲ့ ဆန်ပြုတ် ဇာတ်လမ်းပေါ့လေ ။
အခုလည်း သာကူစေ့ရောထားတဲ့ အုန်းနို့ဆန်ပြုတ်ချိုချိုလေး ကို ဒီကလူတွေ စားကြသလို ဖရုံစေ့ ရယ် ရပ်စ်ဘယ်ရီ ယိုလေးရယ် ထည့်ထားပါတယ် ။
သုံးဆောင်ကြပါခင်ဗျာ။
ကောင်းသန့်